Pages

Friday, March 15, 2013

တွမ်တီဖိုး ဆဲလ်ဗန်း ဒူး ချွန် နေတဲ့ အသံ



ဆက်တင်ကို အကြီးကြီး ဖွင့်ထား ရတယ်
မျက်မမြင်တွေ ဝင်နိုင်အောင်လို့
အလင်းတံခါးမှာ စာတန်းထိုးထားတယ်
‘‘တစ်သောင်း ဖိုး ငါးလုံး
ရောင်းမဲ့ စကားလုံးတွေ အပိုင်မယူရ’’
မကျက်သေးမှာ စိုးလို့ ပြန်ပြန်နွေးစား နေရတဲ့ စိတ်ဓါတ်တွေမို့လား
မနက်ခင်းမှာ ထမင်းရှင်တွေ သက်တောင့်သက်သာရှိဖို့
ရေဗုံးတွေဖြည့် အခင်းကြီး အခင်းလေးတွေ လဲ ရှင်းထားရတယ်
လက်ဆေးဇလုံ ထဲမှာဆိုတော့ ဟင်းနှစ်တွေနဲ့ အဆီတဝင်းဝင်း
မျက်နှာကျက် က ပိုးတွေကိုလဲ ရှင်းပြီး အခန်းလင်းထားပါ့မယ်
လေသံကိုလည်း မှန်နိုင်အောင်လို့
သွေးရောက်နေတဲ့ နထင်မှာလဲ ခေတ်ဆိုတဲ့ စကားလုံးကို ကြီးကြီးထားပါ့မယ်
တပည့်တော်ရဲ့ ဝုန်း ခနဲ တစ်ခါ ဘုံး ကနဲ တစ်လှည့်
အတက်အကျတွေ မြန်မြန်နေလို့ အကြောင်းမပြည့်စုံတဲ့ တရားကို
ဗလာစာရွက်ပေါ်မှာ အလုံး ငါးဆယ် ရေးထားပါတယ်
လမ်းတည်ရာ ပက်လက်ဖေါင်းပေါ်က ကွမ်းနှစ်ယာလောက်ဝါးမိရင်
ကယ်ဆယ်ရေးတွေ လုပ်ချင်လာလို့ မပြီးသေးတဲ့ တံတားပေါ်က ခုန်ချခဲ့တယ်
လက်မပါတဲ့ နှုတ်ဆက်ခြင်းတွေနဲ့
အထက်အောက် ကင်းကွာနေတဲ့ ကြိယာဝိသေသနများ
အိပ်စက်ခြင်းကို အနိုင်ယူလိုက်တဲ့ ညစောင့်တပ်မတော်ကြီးက
သွားတုတပ် ထားတဲ့ အမှောင်ကိုများ ပုံပြောပြနေရတယ်



nelay





သူ့လို လူ



သူက လူယုံတွေ နဲ့ မပေါင်းတော့ဘူး
သူ့မှာ ခဏခဏ အသတ်ခံရလို့
အခု သူက လူရံတွေ နဲ့ ပဲပေါင်းတော့တယ်
သူ့မှာ စာအုပ်ကြားထဲ ညှပ်ညှပ်ထားတဲ့ အရွက်တွေပဲ 
ခဏခဏထုတ်ကြည့် နေရလို့ ….
စာအုပ်ကြားထဲက အရွက်ကလေးတောင် ခမ်းခြောက်သွားတယ် …
အတွေ့ဆိုတာ
တစ်စုံတစ်ယောက် ခေါင်းပေါ်က ပန်ထားတဲ့ 
အကြည့်တွေ ကိုဆိုလိုတာလား
သိချင်တယ်
သူ့မှာ မြတ်နိုးခြင်းနဲ့ ပတ်သက်လို့ စိတ္တဇ က ခိုင်မာနေသလား
သူ့ကို ခြင် မကိုက်ဘူး ကြွက် မကိုက်ဘူး ….
အာရုံတွေ ကိုက်နေတယ်



nelay





ကဗျာဆရာ



ကဗျာဆရာကို လှမ်းခေါ်လိုက်တော့ ဒီကောင်က ပြန်မထူးဘူး
နောက်တစ်ခါ လှမ်းခေါ်လိုက်တော့ ဒီကောင်က လှည့်တောင်မကြည့်ဘူး
ဒါနဲ့ သူ့ကို ကဗျာထဲမှာ မေးရတယ် မင်းဘယ်ရောက်နေသလဲလို့
သူ့ကဗျာ ထဲမှာတော့ ဒီလို ရေးထားတယ်
ငယ်ငယ်တုန်းက တောင်ပေါ်မှာ စစ်တိုက်တမ်း ကစား ရတာလောက် ပျော်ဖို့မကောင်းဘူး
ငယ်ငယ်တုန်းက ကြော်ငြာတွေ တအား ပါပြီး အက တွေ တအားများတဲ့ 
ရုပ်ရှင်ရုံလောက် ရုံဝင်ငွေမကောင်းဘူး
ငယ်ငယ်တုန်းက ကနေဒီ သမ္မတဆိုတာ ကြားပဲ ကြားဖူးတာ 
အခုက ကြားလဲမကြားရတော့ဘူး မြင်လဲမမြင်ဖူးတော့ဘူး
ငယ်ငယ်တုန်းက အလိုတော်ရိဆိုတာ ဂျပန်တွေကို ဖားနေပြီး 
လူတွေကိုနှိပ်စက် တဲ့ လူလို့ပဲ ထင်ခဲ့တာ အခုမှ ပိုဆိုးမှန်းသိတယ်
ငယ်ငယ်တုန်းက …..
ဖတ်လက်စ သူ့ကဗျာကို ခဏ ချလိုက်ရတယ် …. 
ကဗျာကို ကိုင်မိတာလား လက်ပစ်ဗုံးကိုင်မိတာလား
ဒါနဲ့ သူ့ကို ဖုန်းဆက်ပြီးလှမ်း မေးရတယ် … 
ဖုန်းဆက်တော့လဲ သူက မကိုင်ဘူး
သူ့ ၃နှစ် သမီးလေးက ကိုင်ပြီး ပြောတာက ဒီလို …
“အူးအူး … ဒယ်တီ မချိဖူးးး …. ဒယ်အိုးဆရာတော်ရဲ့ … 
တရားစခန်းတွားနေဒယ် လို့ ကြောခိုင်းလိုက်တယ်’’



nelay