![]() |
ငါ့လက်ကို ငါဆေးကျောသန့်စင်လို့ ရယ်မော
ဆံနွယ်တွေ ပသတ်ဖြတ်တောက်ပြောင်စင်အောင် အတ္တတွေရှည်ကျ
အပိုစကားအခြေနဲ့
ဘယ်တော့မှ ဖြစ်မလာတဲ့ ကတိစကားအသေတွေကို
ယုံကြည်နိုင်ဖို့ဝေးလွန်းလှလို့ ဂတုံးရိတ်ပြီး
ငါတို့စိတ်တွေ အတုံးအရုံးအဆုံးသတ်
အကြည့်ချင်းဆုံတဲ့ ရဂုဏ်ရမ္မက်တစ်ခုကို
အချိန်မသိ နရီ မသိ လက်ပတ်ထားတဲ့ ချုပ်ရိုးကြောင်းပေါ်က
ဘဝဟုခေါ်သော လက်တံ အတိုကလေးကို ဖြုတ်ပြီး
ငါကိုင်ထားသမျှကို လွတ်ချလိုက်ပြီ မိုးတိမ် …..
အပေါ်ကွဲ အောက်လွဲ နေတဲ့ လက်တံအရှည်များကို
ပျက်ရယ်ပြုပြီး မင်္ဂလာခန်းမကြီးက ထွက်လာတဲ့စုံတွဲကို
သမုဒယသစ္စာနဲ့ ပစ်ပေါက် ငါ့ဟင်းလင်းပြင်ပတ်လည်က
ခြောက်ယောက်ကို အိပ်မက်ဆိုးနဲ့ တံခါးခေါက်လို့ နိူးလိုက်ပါတယ်
ဉာဏ်မမှီလို့မထမ်းနိုင်တဲ့
ဘကုံး တစ်ခု နှစ်ခု သုံးခု လိုက်ကာ ကောက်စုလို့ သီတွဲ ဝလုံးတွေ
နာမည်ပျက်ကလေးရှိနေလို့ သူ့အမေပြောထားတဲ့ ငါ့ကိုလမ်းမှာတွေ့ရင်ရှောင်ဖို့
အရေပျော်စိတ်ကူးနဲ့ အချစ်ဆိုတာကို သက်သေပြုရအုံးမယ်
အဲ့ဒီရေတွင်းအိုကြီးနဘေးက နေကြာပန်းတွေနေဝင်သွားခဲ့ရင်
မင်္ဂလာပွဲတွေကို မလွတ်မြောက်နိုင်အောင် ငါပြေးလွှား
ပြီးဆုံးခြင်းဟာ အစရှာမရတဲ့ သံယောဇဉ် တေးသွားတစ်ခုပါပဲ။
ဂတုံးတုံးပြီးရင် ပြီးသွားပြီ လို့ထင်
မင်္ဂလာဆောင်ပြီးရင် ပြီးသွားပြီ လို့ထင်
ဘယ်အရာရာ ရပြီးရင် ပြီးသွားပြီ လို့ထင်
နားလည်မှုရှိ ပြီးရင် ပြီးသွားပြီ လို့ထင်
ဒီနေ့ထမင်းစား ပြီးရင် ပြီးသွားပြီ လို့ထင်
တောင်ထိပ်ရောက်သွား ပြီးရင် ပြီးသွားပြီ လို့ထင်
ထင်ပြီးသွားတဲ့ ဆံပင်တွေ ပြန်ပြန်ညှပ်နေ
ဆောင်ပြီးသွားတဲ့ မင်္ဂလာတွေ ပြန်ပြန်ဆောင်နေ
ရပြီးသွားတဲ့ အရာရာတွေ ပြန်ပြန်ရနေ
ရှိပြီးသွားတဲ့ နားလည်မှုတွေ ပြန်ပြန်ရှိနေ
စားပြီးသွားတဲ့ ထမင်းတွေ ဒီနေ့ နေ
ထိပ်တက်သွားတဲ့ တောင်တွေ ပြန်ဆင်းလာ
အညိုရောင်စက္ကူ အိတ်ကလေးနဲ့
လက်ထဲသေသေချာချာထည့်ပေးလိုက်တဲ့ မနက်ဖြန်များဟာ
တဖြေးဖြေး နီးကပ်မလာတဲ့ လျှော့နည်းမှု ကိန်းဂဏာန်းတွေပါပဲ ။
မျက်နှာပေါ်ကအရေပြားများကို အတတ်နိုင်ဆုံး ပေါ့စတစ် အနေအထားဖြစ်အောင် ပြုပြင်ခဲ့ပြီး
ဘယ်ဖက်ရင်အုံအောက်က ဆွဲထုတ်လိုက်တဲ့ နှလုံးသွေးကြောထဲမှာ ပြောင်းပြန်စီးနေတဲ့ ဆေးလိပ်ကို မီးညှိလိုက်တယ် ။
လေသံမာမာနဲ့( ငါ့ကို ဘယ်ကောင်မှ မတားကြနဲ့) လို့ လူလယ်ခေါင်အော်ပြောနေတဲ့သူက သူ့ကို ဘယ်သူမှမတားပါပဲ
သူကိုယ်တိုင်သူ့ကိုတားနေတဲ့ အားငယ်စိတ်နဲ့ အကုန်လွန်သွားတဲ့ အမွှေးတိုင်တွေ ပါပဲ ။
ရေစိုနေတဲ့ ကုတ်အင်္ကျီအမဲထဲက ထုတ်ပေးလိုက်တဲ့ (ဒီမှာထွက်လမ်းတွေအများကြီးရှိတယ်) ဆိုတဲ့ လက်မှတ်တစ်စောင်က
ဘယ်သူ့ကို ပိုင်ရှင်တော်ရမလဲ စိတ်ကူးနဲ့ ရေတွေ နူးသွားခဲ့ပါတယ်။ ခင်ဗျားသိမှာပါ။
တခါတရံ အဝေးပြေးလမ်းမကြီတွေဟာ ဘာသာပြန်မှားယွင်းတတ်ကြလေရဲ့။
လေးစားမှုမရှိခြင်းဟာ ကျန်တဲ့လမ်းတွေ ပိတ်ထားကြတဲ့ တစ်လမ်းသွား ဟွန်းသံကင်းမဲ့ဇုန်။
ငါတို့ဘဝမှာ အရေးလုပ်စရာတွေအများကြီးရှိတယ်။
ဒါပေမဲ့ အရေးလုပ်စရာတွေ အများကြီးက ငါတို့ဘ၀ မှမဟုတ်တာပဲ မိုးတိမ် …. ။
ပြန်ခါနီးနှုတ်ဆက်ကြရင် အချင်းချင်းပွေ့ဖက်လို့ ပွေ့ဖက်ကြပါ။
ဒါတွေက နောက်တွေ့ရမှာမဟုတ်တော့တဲ့ ကြက်လည်လှီး ဘူးသီး ကာလသားချက်တွေပါပဲ ။
nelay