Pages

Saturday, November 3, 2012

သန္ဓေ ရင်းတိုက်


သန္ဓေ ရင်းတိုက်



လူငယ်တစ်ယောက်ရဲ့ ကလန်ကဆန် လုပ်ချင်စိတ်ဟာ သူတစ်ယောက်တည်း မှ ထူးပြီး ဖြစ်လာတယ်လို့ ခဏခဏ ထင်ထင်နေတော့ စကားမပြောတာကြာပြီ ဖြစ်တဲ့ သစ်ပင်ကို စကားပြောမိတယ်
ကြွေတယ် …
ပွင့်တယ် …
သီးတယ် …
သူ့အမေအတွက် သူ စိတ်မကောင်းဘူး ဒါလဲ သူ့လက်ထဲက ကလန်ကဆန် နိုင်လွန်းတဲ့ စောင့်ကြီးအောင့်ကြီး အသံတွေက သူ့အမေရင်ကို ဘယ်လောက်များ နာစေနိုင်လိမ့်မလဲ .. နောင်တ သံ မပါအောင် သူက ချောင်းကိုလဲ ပြင်းပြင်းဟန့်တတ်ရဲ့ စိတ်လို လက်ရ မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတွေဟာ ပိတောက်ရိပ်တွေ သေနေတဲ့ ညနေပေါင်းများစွာကို ညှို့မှိုင်းစေခဲ့တာ ရာစုတွေ ဘယ်လောက် တိုင်တိုင် မျက်မမြင်တစ်ယောက်ရဲ့ အလင်းဖန်ဆင်းအားမှာ သူ့လမ်းတွေကို သူသပ်ချလိုက်တိုင်း မောရတယ် ပန်းရတယ် ခေါင်းကိုခါထုတ်လိုက်တိုင်း လွှင့်စင်ပျောက်သွားမဲ့ အရာတွေထဲမှာ အဲ့ဒီ အရာက သူ့ကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်ထားဆဲ လက်ထဲမှာ အကြွေ ၂၀၀ ကိုင်ပြီး ငွေမရတဲ့ အလုပ် တွေ လုပ်တဲ့ ကောင်ဆိုပြီး သူ့ကိုယ်သူ ဂုဏ်ယူတယ် တစ်နေ့တစ်နေ့ စိတ်ပျက်စရာ အစီအစဉ်ကြီးကို စိတ်ပါလက်ပါ ကိုယ်တိုင် ကပြတယ် ဗမာကို တောင် စာလုံးပေါင်းမှန်အောင် မပေါင်းတတ်တဲ့ လူငယ်တွေနဲ့ စကားပြောရင်း ဖေါ်လန်ဖားတွေ နဲ့ အောက်ဖိ အပေါ်ဖားတွေ နေရာ ရလာတာကို ငေးရင်း မုဒိတာပွားတယ် ၂ကျပ်တန်အရည်အချင်းတွေ ခေတ်စားလာတာကို ကော်ဖီသောက်ရင်း အရသာတွေ့လာတယ် ဟိုးဝေးဝေးက လော်စပီကာ သံတွေလဲ နားရင် လာလို့ ကျယ်နေတဲ့ ဖင်ဂေါင်း လဲ ကျဉ်းစပြုလာတယ် အစာ မမှန် အအိပ်မမှန် နဲ့ မပြောင်းလဲ လာတဲ့ လောကကြီးဟာ ပြားရည်ဆမ်း ခဏခဏ ထွက်နေတဲ့ ဟန်နီးမွန် ဇာတ်ဝင်ခန်းကြီးကို ရီပိ လုပ်ထားတဲ့ အပ်ကြောင်း ရာ ကြီးပါပဲ ကိုယ်နှစ်ထပ်ကို ခွာပြီး သူ့နံရိုးတွေထဲ စာအုပ်တွေ ထိုးထိုးထည့်လို့ သူ့လူကောင်သေးသေးကလေးက စာအုပ်တွေ ဘယ်လောက်များ ဆန့်နိုင်မှာမို့လဲ Commercial ဆန်ဆန်အပြုံးကို သူမှန်ထဲမှာ လုပ်ယူကြည့်တယ် Commercial ဖြစ်မလာဘူး ဒါနဲ့ Commercial ရှယ်ဆန်ဆန်အပြုံးတွေကို တွေ့တိုင်း သူ သိမ်းထားတယ် တစ်ချိန်ကျ သူ့မှာ မျက်နှာတွေမရှိခဲ့ရင် အဆင်သင့် ၀တ်ဆင်ဖို့ ရုတ်တရက် အဲ့ဒီ့ အတွေးကို တွေးနေတာ မုန်းလာတယ် သူစိတ်တိုင်းမကျဘူး သူစိတ်တိုင်း မကျတာတွေကို သမ္မတကြီးကို ကြားစေချင်ခဲ့တာလား သူမသိဘူး တကယ်တော့ သူငယ်ငယ်ထဲက ကလန်ကဆန်လုပ်ချင် စိတ်ထဲမှာ သူ မနှိုးနိုင်သေးဘူး သူ့ကိုယ်တိုင် လမ်းလျှောက်တတ်ဖို့ သူကိုယ်တိုင် စူးစမ်းလေ့လာဖို့ ဆိုတာ သူတကယ် မရောက်သေးတဲ့ အသံပါပဲ ။




nelay

No comments: