Pages

Friday, March 15, 2013

ကဗျာဆရာ

ကဗျာဆရာ


ကဗျာဆရာကို လှမ်းခေါ်လိုက်တော့ ဒီကောင်က ပြန်မထူးဘူး
နောက်တစ်ခါ လှမ်းခေါ်လိုက်တော့ ဒီကောင်က လှည့်တောင်မကြည့်ဘူး
ဒါနဲ့ သူ့ကို ကဗျာထဲမှာ မေးရတယ် မင်းဘယ်ရောက်နေသလဲလို့
သူ့ကဗျာ ထဲမှာတော့ ဒီလို ရေးထားတယ်
ငယ်ငယ်တုန်းက တောင်ပေါ်မှာ စစ်တိုက်တမ်း ကစား ရတာလောက် ပျော်ဖို့မကောင်းဘူး
ငယ်ငယ်တုန်းက ကြော်ငြာတွေ တအား ပါပြီး အက တွေ တအားများတဲ့ ရုပ်ရှင်ရုံလောက် ရုံဝင်ငွေမကောင်းဘူး
ငယ်ငယ်တုန်းက ကနေဒီ သမ္မတဆိုတာ ကြားပဲ ကြားဖူးတာ အခုက ကြားလဲမကြားရတော့ဘူး မြင်လဲမမြင်ဖူးတော့ဘူး
ငယ်ငယ်တုန်းက အလိုတော်ရိဆိုတာ ဂျပန်တွေကို ဖားနေပြီး လူတွေကိုနှိပ်စက် တဲ့ လူလို့ပဲ ထင်ခဲ့တာ အခုမှ ပိုဆိုးမှန်းသိတယ်
ငယ်ငယ်တုန်းက …..
ဖတ်လက်စ သူ့ကဗျာကို ခဏ ချလိုက်ရတယ် …. ကဗျာကို ကိုင်မိတာလား လက်ပစ်ဗုံးကိုင်မိတာလား
ဒါနဲ့ သူ့ကို ဖုန်းဆက်ပြီးလှမ်း မေးရတယ် … ဖုန်းဆက်တော့လဲ သူက မကိုင်ဘူး
သူ့ ၃နှစ် သမီးလေးက ကိုင်ပြီး ပြောတာက ဒီလို …
“အူးအူး … ဒယ်တီ မချိဖူးးး …. ဒယ်အိုးဆရာတော်ရဲ့ … တရားစခန်းတွားနေဒယ် လို့ ကြောခိုင်းလိုက်တယ်’’




nelay

No comments: