D ဇင်ဘာ ၀ိုင်
တိမ်တွေကို လိုချင်လွန်းလို့
မိတ်ကပ်တွေ ဖျက်ပြီး
အိပ်မက်တွေထဲ လိုက်ကပ်နေတဲ့
ဖားပျံတွေပဲ ရိုက်သတ်လို့မကုန် ….
အရေပြားညှိထားတဲ့ ရာသီဥတုကို
ပေါင်ကားပြီး ခုန်ချလိုက်မှ ပွင့်မဲ့ လေထီးများနဲ့
ငါ့ကိုပြောပြစမ်းပါ ….
ညာဖက်လက်ကိုဖြတ်ပြီးမှ အင်္ဂါဂြိုလ်ကို သိမ်းမဲ့
ရတုတစ်စုံ
ခြေတစ်ဖက်ဆာနေတဲ့ ဟောဒီ့ ရင်အုံထဲမှာ
မမွေးဖွားနိုင်တဲ့ မိုးမခ ပင်အိုကြီး
မင့်မျက်နှာဖူးငယ်ငယ်ကို မြင်ရယုံနဲ့
ငါ့ရဲ့ လေသလပ်နေတဲ့ ဒုက္ခတွေ ပြေးလွှားနေရတယ်
….
ပြန်ပေးဆွဲတဲ့ နက္ခတ်မှာ မွေးဖွားခဲ့ရလို့
မေ့မရတော့တဲ့ တေးသွားတွေပဲ
ကြယ်လမ်းကြောင်းမှာ မှားယွင်းစွာနဲ့ ဆုတောင်းနေရ
…
အထပ်ထပ်ကို ထုခြေ ပ လိုက်ပါရဲ့
မျက်နှာပေါ်က စမ်းပျိုကလေးကို
သောကနဲ့ပဲငါ့မှာ လှော်ခတ်လို့ မရောက်နိုင်ဘူး
လက်နောက်ပြန်တွေ အသေခြည်နှောင်တုတ်လို့
အစိမ်းရောင် မုဒ်ဦးဝမှာ ငှက်ပြောရွက်တွေကြီးထွားရှုပ်ပွ
လိုရာမှာ ပစ်ချမရတဲ့ အစိုင်အခဲတွေ အ နေရတယ်
….
ခေါင်းပေါ်က ပန်းတွေ ခြေပြီ
အပေါင်းတွေ လျှောက်ပြန်မရခဲ့ရင်
အလင်းအနားသားကို အမှောင်ဝမှာ ဆိုးပေးခဲ့ပါရစေ
…
သစ်ပင်နဲ့ သစ်ရွက်
မြေကြီး ပြောက်တဲ့အရပ်မှာ
ဘာ ရနံ့တွေပဲ ဘာ ဆိုတဲ့ ဘာသာနဲ့ လှိုင်လှိုင်ပွင့်
အပြုံးတွေ ပြယ်မဲ့ လက်တစ်စုံနဲ့
ငါနဲ့ ငါ့ရဲ့ ဟိုးဝေးဝေးက အဟုန်ကို
မနာကျင်တဲ့ ဒုက္ခ အပြည့်အစုံနဲ့
မှားယွင်းစွာ ပွင့်ခဲ့ရတဲ့ ဆောင်းအလွန်က
အနမ်း ပါပဲ။
nelay
No comments:
Post a Comment