ပညာတတ် လူမလေး ခွေးမခန့်
သူ့တစ်မျိုးလုံးမှာ သူ့တစ်ယောက်ထဲ ဘွဲ့ရလို့ တစ်မျိုးလုံးက ဖူးဖူး မှုတ်တယ်
သူကလဲ သူ့တစ်မျိုးလုံး ကို ဖူးဖူး ပြန်မှုတ်တယ်
ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်တွေက အစ သိန်းစိန်ရဲ့ နွားနို့အဆုံး
မြန်မာ့သမိုင်း ကို အာဂုံဆောင် နိုင်တဲ့ အထာနဲ့ သူ့ကိုယ်သူ မော်လို့ကြွားလို့
Discovery Channel ကြည့်ပြီး National Geographic မှာ ပါချင်တဲ့ စိတ်နဲ့
ကျောက်စာတွေကို တစ်ဖြဲနှစ်ဖြဲ သူဖတ်တယ်
လူငယ်တွေဆိုတာ သံပါတ်ရုပ်တွေ ဖျက်စီးဖို့ မွေးလာတဲ့ ကစားစရာတွေ
လူကြီးတွေဆိုတာ ဘယ်တော့မှ ပြင်မရတော့တဲ့ သံပါတ်ရုပ်တွေ
သူ့စာအုပ် နောက်ကျောအဖုံးက စာတိုပတ်စ ကို
ကလေးတွေ ကြားအောင် အကျယ်ကြီး ဖတ်ပြတယ်
နွေလည်ခေါင် ညခင်းတွေဆီက ပြတင်းပေါက်မှာ ဖြူးနေတဲ့လေညှင်းကို
သူ့ကျောဟင်းလင်းပြင်ပေါ်က ကန္တာရအေးစေဖို့ သူ့တစ်ကိုယ်စာအကျယ်ကြီးဖွင့်ထားတယ်
သူ့အမေက လှမ်းခေါ်ရင် မကြားချင်ယောင်ဆောင်တဲ့ အထာကို
သူ့စာအုပ်ထဲက ထွက်ထွက်ဆဲနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ မကြားအောင်လဲ ဖင်ခုထိုင်တယ်
တစ်ခါတလေများ သူ့ပညာတတ် ငယ်ပေါင်းကြီးဖေါ်တွေနဲ့ တွေ့ပြီဆို
အဖေ သေတာကိုလဲ မေ့ အဘိုး သေတာကိုလဲ မေ့ သူ့ညီတွေ ဖာခန်းရောက်တာကိုလဲမေ့
မနက်မနက် ၀ရီယ ရှိရှိ ကျိုးနေတဲ့ ကော်လံကို လည်ဂုတ်သားပေါ်သပ်သပ်ရပ်ရပ်တင်ပြီး
၇နာရီ မထိုးခင်ကထဲက တက်ကြွတဲ့ ကျွန် စိတ်ရဲ့ အာရုံကြောတွေက သူ့ရှေးဟောင်း ရုံးတော်ကြီးဆီခေါ်တယ်
မြင်မြင်ဖူးသမျှ ထဲမှာ သူ့ဘ၀ ကြီးက သိပ်ကိုလှနေတဲ့ အရာနဲ့ လမ်းမှာ ရှိရှိသမျှ ခွေးတွေကိုသူကန်တယ်
ရုံးတော်ကြီးကိုရောက်ရင်များ သူ့ကိုယ်သူ သမ္မ အလုပ်ကြီးဆယ်မျိုးလောက်လုပ်နေရတဲ့အထာနဲ့
ကော်ဖီဖျော်လိုက် မိတ္တူကူးလိုက် ဖဲရိုက်လိုက်နဲ့ ဦးနုခေတ်က လွတ်လပ်ရေးမျိုး သူ့လူကြီးရှေ့မှာ သူလုပ်ပြတယ်
သူတို့မျိုးရိုးက အမိမြေကိုချစ်တယ် ဆိုတဲ့ လူတွေကြီးပဲဆိုပြီ သေလို့ရှိရင်တောင် ဒီနိုင်ငံထဲက မထင်မရှား သင်းချိုင်းကုန်းလေးမှာ လာလာ သေကြတယ်
မျိုးကြီးရိုးကြီးဆိုတော့ သူ့ဘေးအိမ်က ဆိုက်ကားသမားလဲ သူ့ကိုခံမပြောရဲ
သူ့အနောက်အိမ်က အကြော်သည်လဲ သူ့ကို ပြန်မပက်ရဲ
ကုန်ကုန်ပြောမယ် ရပ်ကွက်လူကြီးထက် သူ့အဖေက ၄တန်းလောက် ပိုတက်ခဲ့တယ်ဆိုတဲ့အထာနဲ့
သူ့ကိုယ်သူ ပညာတတ် လူမလေး ခွေးမခန့် အဖြစ်မခံနိုင်ဘူးတဲ့
nelay

No comments:
Post a Comment