ရနံ့သေတို့ကပ်တဲ့ကမ်း
သပြေအရွက်တွေကြားက မင်းကို
ဇီဇ၀ါဦးလွှမ်းတဲ့စကားနဲ့
ငါပြောတယ်
ရနံ့တွေဖောက်လုပ်ထားတဲ့လမ်းမှာ
အကန်းအာရုံအတွက်တော့
မင်းဟာအလင်းပေါ့
ငါ့ကိုယ်ငါ ရေတွက်ပြီး
လျှောက်ခဲ့ပါတယ်
အရောက်နောက်ကျတဲ့ လူတွေနဲ့
နောက်ပြန်လျှောက်တဲ့
လူတွေ
လူတွေ မှီထားတဲ့ ကမ်းဟာ
သိပ်မြင့်လွန်းလို့
ငါလေ ….. ပြုံးဖို့တောင်
မေ့ခဲ့တယ် ……
လေးဖက်လေးတန် ကာရံပြီးမှ
ပခုံးပေါ်ကသပ်ချ တဲ့ ရေကို
ငါက ဘယ်လို အင်အားမျိုးနဲ့
မင်းကိုတိုက်ရမလဲ ……
ခါးညွှတ်လို့ အနေအထားဖျက်
တိမ်ငွေ့တွေဖိအားနဲ့မှ
မင်းကပျော်မယ်ဆိုလဲ ပျော်
အမုန်းကိုဖျော်
စိတ်နာခြင်းကို ခေါ်ပြီး
အစာအိမ်ထဲပဲ ခုန်ခုန်ချ
လွမ်းချင်းတွေ ခဏထားပြီး
မင်းဆီကို ပန်းခွေတွေပဲ
ပို့
အရှေ့ဖက်ကလမ်းကို မရွေးနဲ့
မြောက်ဖက်ကလမ်းကို မရွေးနဲ့
ဆောက်တည်ရာမရတဲ့ လမ်းကိုသာလာခဲ့တယ်
တက် တစ်ချက်ခေါက်ပြီး
ကန်လိုက်တဲ့ ၀ တွေထဲ
ဘ တွေသာ ကပ်ပါသွားတယ်
နေ၀င်ချိန်က သူ့ကို
ဆည်းဆာလို့ခေါ်ဖို့သာ
လက်ပြနေတော့လေရဲ့
nelay
No comments:
Post a Comment