သို့ ... အတာ
ဒီလိုပဲ အပြင်မရောက်တဲ့ ရေဖလားတွေနဲ့
ငါတို့ကိုယ်ပေါ်က ပိတောက်ရနံ့တွေ
အစိမ်းရောင်ရေမှုန်တွေရော
စိတ်လှောင်ခြင်းရပ်ဝန်းမှာ ရေကစားနေသလား
အပြင်မှာနေတွေပူလွန်းလို့
ဒီလိုပဲဖြစ်သလိုပျော်ခဲ့ကြတဲ့ ရေစိုအ၀တ်တွေ
သိပ်စည်တာပေါ့ ညီမလေးရေ
ဒီဖက်နားက သင်္ကြန်အဟောင်းကြီးဟာ
မသေမချင်း သိပ်စည်ကားနေတာပေါ့
ရေစိုဂျင်းတစ်ထည်နဲ့
ပြည်လမ်းနားက ငုဝါပွင့်တွေကြားမှာ
စောက်ရူးလောကကြီးကိုမေ့ထားရတာလဲ
ဘယ်တော့မှမပွင့်တော့မဲ့ပိတောက်ကို
ရေမစိုအောင်ထုတ်ပိုး ခြေလှမ်းတွေတုန့်နှေးဖူးတယ်
ဆိုပါစို့
ငါ့သက်တန်းက ၆၀ ဆိုရင်
ခွေးသရေမှာ အခု ၆၀
အလွမ်းတွေနဲ့ အနွမ်းတွေက
နီရဲနေတဲ့ သင်္ကြန်တွေအလယ်မှာ
ရေမွှန်းလို့ ၆ နာရီကျော်နေတယ်
အတာဦးရဲ့ရင်ခွင်ပျိုရေ
ဘောင်းဘီတို ၀တ်ပြီး သီလယူနေသေးသလား
အပြင်မှာ သိပ်ပူတယ်နော်
ခြံတံခါးတွေ ဖွင့်မထားတော့ဘူးပေါ့
ငါ့ရေပုံးကလေး အားငယ်နေတယ်
တချိန်ချိန်ပေါ့
ပြည်လမ်းပေါ်က သင်္ကြန်ရေလက်ကျန်တွေ
အစိမ်းရောင်လွင်ပြင်ကို ဖြတ်ကျော်ပြီး
ပိတောက်တွေနဲ့ မျောလာခဲ့မယ် ... ။
nelay
No comments:
Post a Comment