ရိုရိုသေသေ ပြတင်းပေါက်လိုက်တယ်
ငါ့အနားက
တချို့ပြတင်းပေါက်တွေ
ပိတ်ထားရတာပျော်တယ်
တနေ့က
ငါမိုးပေါ်ပစ်တင်လိုက်တဲ့လှေ
နှလုံးသားကမ်းခြေမှာ
မင်းလိပ်ပြာတွေဝဲနေတယ်
ဒီလိုဗုဒ္ဓဟူးနေ့မှာ
ခွာချလိုက်တဲ့မင်းမျက်နှာပေါ်က
နေဝင်သွားတဲ့ငှက်တွေအနှေးကွက်နဲ့
ငါ့ဝိဥာဉ်လှောင်ဖို့ခန္ဓာမဲ့နေတယ်
ဆံနွယ်တွေ ခါရမ်းလိုက်တိုင်း
ခန္ဓာတွေတစစီပျက်ကျ
ပုဝါပါးပါးထဲက မီးအိမ်ကလေးက
ငါ့ကိုငေးနေတယ်
အဲဒီ့အကြောင်း
မနေ့ကအရူးကိုပြောပြတော့
ပြတင်းတချို့က
မိသားစုဆိုတဲ့
ဧည့်သည်တွေအတွက်
ဘဝကို ဧည့်ခံပွဲလုပ်ပစ်လိုက်ရတဲ့
ညီမလေးတွေကိုဖွဲ့သီထားလို့
အေးအေးဆေးဆေးထွက်ကျလာတဲ့
မျက်လုံးနဲ့ငါ့ကိုကြည့်တယ်
အတိတ်ကိုမေ့ထားရမယ်တဲ့
အတိတ်မေ့တဲ့ရောဂါနဲ့ ဘဝမေ့တဲ့ရောဂါ
ဗိုက်ဆာတာတစ်ခုပဲသိရမယ်လို့
ဒေါသသံပါပါပြောရတာကိုက အရသာလား
ခြေရာတွေကို ပတ်တီးစီးပြီးမှ လမ်းလျှောက်ခဲ့တာ
ငါမဟုတ်ဘူးတဲ့
ပြတင်းတချို့က
ဥာဏ်ရည်ထွန်းတောက်တဲ့
ကြယ်ခက်ကလေးတွေ
အကြောက်တရားနဲ့
ခြောက်ပြားမတန်အောင်ပလုံသွားလို့
ဒီလိုပဲယာယီပျော်ရွှင်ခြင်းနဲ့
ယာယီမျှော်လင့်ချက်
လူတွေကို အတုလုပ်ရတာသိပ်လွယ်လွန်းနေတယ်
ပျဉ်းစရာကြီး
အာဘောင်အာရင်းသံသံနဲ့
အရက်ဆိုင်ကအတွေးအခေါ်မျိုးက
လူတွင်ကျယ်လုပ်ရအောင် အာပုတ်စော်နံတယ်
ပြတင်းတချို့က
သူရဲကောင်းသတ္တိမျိုးနဲ့
ဝေဟင်းထက်မှာပျံဖို့
ခြံစောင့်ခွေးနောက် နွားခံနေရလို့
အိပ်ယာပေါ်မှာ
ဆိပ်ဖလူးပန်းတွေ
စွန်းကုန်ပြီ
ဒီလိုနဲ့ပဲ
ဖေဖေရယ်
မေမေရယ်
ကိုကြီးရယ်
မကြီးရယ်
ကိုယ့်ထမင်းကိုယ်ရှာစားပြီး
မိသား မစုနိုင်တဲ့ဘဝ
ဒါမို့
ငါ့အနားက
တချို့ပြတင်းပေါက်တွေ
ပိတ်ထားရတာပျော်တယ်
nelay
No comments:
Post a Comment