မီးကိုသိုဝှက်ထားတဲ့ ရင်ဘတ်တစ်ခုက
အောက်စီဂျင်နဲ့ မတည့်ဘူး ....... နိုရာ
လေတွေ တဟူးဟူးတိုက်နေတုန်းက
ငါ့ရင်ဘတ်ကို ကြိုးခြည်ပြီး
တိမ်တွေထဲ လွှတ်တင်ခဲ့တဲ့ နိုရာ
တိမ်ညစ်မဲတွေ ငါသောက်ပြီး
အတ္တတွေ ရုန်းကန်ပျိုးတက်လာတော့
ဟိုး ဝေး ဝေး အစွန်းတဖက်မှာ
ဘယ်တော့မှ မဆွဲယူခဲ့တဲ့ လက်ညှိုးကလေးနဲ့
ငါ့ကို ကြိုးဖြတ်ခဲ့တဲ့ နိုရာ
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
မှောက်လိုက် … လှန်လိုက်
လွှင့် …. လွှင့် …. လွှင့် ….
မီးကိုသိုဝှက်ထားတဲ့ ငါက
အောက်စီဂျင်လို လူတွေကို ရှောင်တယ်
သူတို့ လောင်ကျွမ်းသွားမှာ ငါစိုးလို့
Ch3M!CaL မပါတဲ့ ဒြပ်စင်တစ်ခုဟာ နိုရာပေါ့
ချို့ငဲ့မှုနဲ့ သိမ်းပိုက်သွားတဲ့
ဝိဥာဉ်ကို ငါ့သွေးကြောထဲက စုတ်ထုတ်လိုက် နိုရာ
အသင့်စားသုံးဖို့ ထုတ်ပိုးထားတဲ့
ရုပ်ဝတ္တုတွေဟာ ကာဗွန်သိပ်များတယ် နိုရာ
လူဆိုတာ မီးနဲ့မတွေ့ခင်တော့ ရှုလို့ကောင်းတဲ့
အောက်စီဂျင်တွေပဲပေါ့ သတိထားပါ ....... နိုရာ
ပေါက်ကွဲတတ်တဲ့ အရာတွေထဲမှာ အနုမြူထက်ဆိုးတယ်
အပေါ်ယံ ချိုမြိန်မှုတွေဆိုတာ
မစင်ကို သကာသုတ်ထားတာပဲ ....... နိုရာ
ဝင်္ကဘာအစွန်းထဲမှာ မျက်လုံးတွေ လမ်းလျှောက်နေကြတယ်
ကမ္ဘာကို မျိုချထားတဲ့ လူ့ပါးစပ်တွေဆိုတာ
အဆင့်မြင့်လာတဲ့ ဆုတ်ယုတ်မှု စက်ရုံတွေပဲ ....... နိုရာ
ပျံရင်းပဲသေသေ မြက်ခင်းထဲမှာပဲ သေသေ
နံရံရဲ့ အခြားတစ်ဖက်မှာ ရာထူးတွေမရှိဘူး
ဂုဏ်ပကာသနတွေမရှိဘူး
ဒယ်အိုးပဲရှိတယ် ....... နိုရာ
အကြိမ်ကြိမ်တိုက်ချွတ်လို့ ပြောင်လက်လာတဲ့ ဖိနပ်တွေ
ငါမ၀တ်ချင်ဘူး သူတို့လျှောက်မဲ့လမ်းတွေ မသန့်ဘူး ....... နိုရာ
ဖြူစင်မှုကို အပျိုစစ်မစစ်နဲ့ တိုင်းတာဖို့နဲ့
စိတ်ဓါတ်တွေ စစ်ထုတ်ဖို့ဆိုတာ မုန်းတိုင်းထဲက
အလွန်ရှားပါးတဲ့ တွယ်ကပ်သွပ်မိုးကလေးပါပဲ ....... နိုရာ
မိုးကြိုးနဲ့အလင်းတန်းကို ငါ ခိုဝင်နမ်းရှိုက်
ကြိုးတန်းလန်းနဲ့ ငါ မိုက်တယ် ဆိုတာ
ငရဲသွားမဲ့ မင်းကို မမှီပါဘူး ....... နိုရာ
လူ့ကျင့်ဝတ်ကို သင်ကြားပို့ချပြီး လူ့ကျင့်ဝတ်ချိုးဖောက်တဲ့ ဆရာက
တပည့်ငမိုက်သားတွေကြား သူတော်ကောင်းလုပ်နေကြပြီ ....... နိုရာ
ငါဘယ်လောက်ထိ လွှင့် ရအုံးမှာလဲ
မီးခိုးခေါင်းတိုင်းတွေ အလွန်ထိ
လယ်ကသင်းရိုးတွေ အလွန်ထိ
အင်တာနက် အနှေးပြကွက်တွေ အလွန်ထိ
အိမ်တွင်းအကြမ်းဖက်မှုတွေ အလွန်ထိ
တရားသမားအယောင်ဆောင်တွေ အလွန်ထိ
ငါ့ကို လိုက်သတ်နေတဲ့ ငါ့အရိပ်တွေ အလွန်ထိ
ငါဘယ်လောက် လွှင့် ရအုံးမှာလဲ ....... နိုရာ ။
nelay
No comments:
Post a Comment