ငါ့အလွမ်းကတစ်ခါတစ်လေ ရုပ်ပျက်ဆင်းပျက်
သကြားလုံးတစ်ငုံစာလောက်
နင့်ကိုလွမ်းတာမဟုတ်ဘူး
အိပ်မက်တွေလည်း အခုဆို
ကာလာနဲ့မမက်ဖြစ်တာကြာပြီ
အရောင်ကျွတ်သွားတဲ့ ဥတုမှာ
နင်က..... တန်ဖိုးနည်း သိက္ခာကိုမှ
တံထွေးဆွတ်ပြီး ငါ့နဖူးပေါ်က ခွာချရက်တယ်
ထွီ..................................
ဒါက အခုခေတ်ရဲ့
ယဉ်ကျေးသော နှုတ်ဆက်သံ
နင်လက်မခံတဲ့ ဂုဏ်သရေရှိ ပန်းဝါတွေတော့မဟုတ်ဘူးပေါ့
အဲဒီပန်းဝါ၀ါတွေနောက် ငါမလိုက်ဘူး
နင်ကိုးကွယ်တဲ့အလင်းကမျက်စိမှုံတယ်
နင်ပြောတဲ့စကားလုံးတိုင်းက သုညကြွင်းစေတယ် ....
ငါ့အိတ်ကပ်ထဲက လိပ်ပြာအသေကလေး ထုတ်ပေးလိုက်ရင်
နင်နားလည်အောင်မပြောတတ်တဲ့
စက္ကူအစုတ်တွေက
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ဘယ်တော့မှ
ကျက်သရေရှိစွာနဲ့ ပိုက်ဆံဖြစ်မလာဘူး
အီဗော်လူးရှင်းသီအိုရီအရ
ပြောင်းပြန်လှန်တရားကနှလုံးသားယဉ်ကျေးမှုမှာ
ဒါရိုက်ထိမှန် ဓမ္မသတ်ကျမ်းအစောင်စောင်မှာ
ငါကျဆုံးခဲ့ပြီ
မာနအတွက်ဒုက္ခကိုဝယ်ခဲ့မိလို့
နတ်ဘုရားမျက်နှာပေါ်က မျက်ရည်ခံမှည့်ကလေးက ငါပေါ့
ငါ့ကို သောကြာနေ့မှာ မွေးခဲ့ရင်ကောင်းမှာ
ဟာ...... အလကား ကိုယ့်ကိုယ်ကို ယဉ်ကျေးမှုထင်ပြီး
ခေတ်တခုလုံးကို ပြာချပစ်ရအောင် အဲဒီ တရားကိုးပါးထဲက
ဘယ်တရားကရော အမှန်ဖြစ်လာမှာတဲ့လဲ
အမှားတွေဆိတ်သရေကို နွားစားသွားတဲ့ လပေါင်းများစွာကို
ငါက နေ၀င်ချိန်အဖြစ်ပြောင်းပေးခဲ့တဲ့ ကောင်ပါ
ငါပျော်တယ် ငါရီတယ် ငါငိုတယ်
ရီပါ.... ငိုပါ....ပျော်ပါ
အားပါးတရ ငို ရီ ပျော် ပါ
ငါ့ လိပ်ပြာကိုလာလာပြီး
လက်ယပ်ခေါ်မနေပါနဲ့တော့
ငါပြောချင်တဲ့စကားငါ့နားကပြန်ပြန်ကြားနေပြီ
ခဏခဏသွေးတိုးမစမ်းချင်စမ်းပါနဲ့
အပေါ်သွေးအောက်သွေးက ဘယ်တုန်းကမှမညီဘူး
ဆေးရုံပေါ်က မနက်ခင်းဟာ ညှီဖန့်ဖန့်တွေ တောက်လောင်လို့
ငါ့အစွယ်တွေ ငါ့အမြှီးတွေ နင်မွေးပေးခဲ့တဲ့ ကလေးတွေ
နင့်သွေးပြန်ကြောထဲက ငါ့သွေးတွေ
ဒီလောက်ထိ မြစ်တွေစီးဆင်းသံက
ညဘုရားကို မြည်ဟီးလိုက်တဲ့ စစ်ဦးကျိုးသံလား
မျိုးမမှန်တော့ကိုင်းကူးကိုင်းဆက်လုပ်စရာမလို
ဒီပုတ် ဒီပဲ နဲ့ ဒီစကား ဒီနား ဘယ်သွားသွား
စိတ်နဲ့ကိုယ်တစ်ခါမှမကပ်ဘူး
တစ်ခါတစ်လေ အနာပေါ်တုတ်ကျတာ အရသာရှိပ
Globalization ဆိုတာ
ဘာကိုပြောပါလိမ့်
ငါမသိတော့ဘူး
ငါသိတာတွေက
ငါ့ကိုပြန်မသိတော့ဘူး
အဆင့်အတန်းဆိုတဲ့ စကားလုံးရဲ့ ခေတ်ပေါ်အယူအဆဟာ
ငါ့သမ္မကျမ်းစာမှာ ထည့်သွင်းဖေါ်ပြခြင်းမရှိတဲ့
နင်အကြိုက်ဆုံး ဖွံ့ဖြိုးတိုးတက်မှုကြီးပေါ့
ထင်ကြေးနဲ့လျှောက်တဲ့ခရီး နီးသလားဝေးသလား
ဟန်ချက်ဆိုတာ အရိပ်တွေနဲ့ ပူးကပ်မနေဘူး
ငါ ဘာမှမသိသလို နင်ကိုယ်နင်လည်းဘာမှမသိ
အာရုံတွေမစားနဲ့လေ
နေ့မစေ့လည်း ကလေးမွေးကြတာပဲ။
သစ်ရိပ်ခိုမှ လုံခြုံတဲ့
နင့်အဖို့တော့ ငါစကားလုံး အရိပ်က
မလွတ်မြောက်နိုင်တာ ၀ဋ်တခုလို့ ချွဲပြပါအုံးလား
ထိုင်ရာကနေမထလိုက်နဲ့ကဝေပျို
နင့်ဝှက်ဖဲတွေထွက်ကျသွားရင်
နင်သိပ်အထင်ကြီးတဲ့ လူတွေ နင့်ကိုအထင်သေးကြလိမ့်မယ်
ငါ့လက်ထဲက ဂျိုကာက ကံတရားဖက်လှည့်ပြီး ငိုနေတယ်လေ
ဟင်း............
ဆွဲလိုက်တိုင်းအပွင့်ကမပေါ်တပေါ်
ငါ့ပီတိနင်ပြန်စားဦးမယ်
ထွီ..........................
နွားအိုရင်မြက်နုကြိုက်သတဲ့ လား
ကြောင်ခံတွင်း ပျက်တော့ သနပ်ခါးမလိမ်းဘူး
နေ့တစ်ထပ်ညတစ်ထပ်နဲ့တစ်နေ့နှစ်နပ်ပေါင်းစားရင်း
ငါတို့ဦးနှောက်တွေခေတ်မီဖွံ့ဖြိုးတိုးတက်လာပြီ
ငါတို့ရဲ့ နာကျဉ်းစရာများနဲ့ မြင့်တက်လာတဲ့
တံတိုင်းတွေကို မျိုးမအောင်တော့တဲ့ ဥတုအိုပေါ်မှာ
အတိတ်အဖြစ် အဆိပ်တွေကျဲပက်ပြီး ချိတ်ဆွဲထားလိုက်ပြီ
ရောင်းဈေးက အပျက်မရဲ့ ရင်နွေးငွေ့လို
ဖွယ်တယ်တယ် အပြုံးနဲ့
တစ်ခါသုံးတွေနဲ့ လေလံပစ်ထားတယ်
တစ်ခါသုံး တစ်ခါသုံးဆိုပြီး
ငါ့အဘိဓာန် လာလာမလှန်နဲ့
အက္ခရာ သရ လည်းတစ်ခါမှမကွဲပြား
ကံ၊ကတ္တားအနေအထားမမှန်တာကြာပေါ့
ကမ်းနဲ့ဝေးရင်လမ်းဖြတ်ကူးစရာမလိုတော့ဘူးဆိုမှတော့
အဆင်ပြေတဲ့တစ်နေ့ နောက်တစ်ခေါက် ပြန်လာမယ်
သွေးနည်းတဲ့ ရပ်ဝန်းမှာ ခေတ္တခဏ ကျောက်ချရပ်နားရင်း ။ ။
အမည်မဲ့ , nelay
No comments:
Post a Comment