တစ်ခုတည်းသော အကြောင်းပြချက်
ဟင်နရီ … နာရီတွေမြည်နေသေးတယ်
ငါ့ကိုတရားချနေတာလား
လက်ညှိုးကလေးကို နမ်းခွင့်ပြုပါ
သွေးကြောတွေ အစိမ်းရောင်သန်းနေတုန်းပါပဲ …
အဆိပ်ခွက်ထဲမှာ အနာဂတ်တွေရှိတယ်
ငါ့ကိုမော့သောက်လိုက်စမ်းပါ
ဟင်နရီ … နင်မမြင်ဖူးတဲ့လူတစ်ယောက်
သဲကြိုးအနီရောင်ကလေးစီးလို့ လျှောက်လာတယ် …
ဦးခေါင်းထဲက လှောင်အိမ်တွေလင်းနေသေးတယ်
ငါ့ကိုခြစ်လိုက်စမ်းပါ … ဟင်နရီ
အဲ့ဒီ့ အမှားနှစ်ကြောင်းအလည်မှာ
စိုက်ပျိုးခဲ့တဲ့ သစ်ပင် ... အဆိပ်ပင်တဲ့
ဟင်နရီ … သစ်အိုပင်အသက်ရှုသံကြားလား
အစီအစဉ်တခုခုကြောင့်လေ
ကိုယ့်လိပ်ပြာကိုယ်မပိုင်သော သံစဉ်တခုက
အနှေးပြကွက်နဲ့ကြွေကြဖူးတယ် …
နှလုံးသားကိုထိုးတဲ့ ဓါးတစ်လက်ပါပဲ
ဟင်နရီ … ဖုန်းခေါ်သံကြားမှာ
တခြားရွေးချယ်မှုတွေ အများကြီးရှိတယ်
ငါအချိန်မီ ရောက်နိုင်ပါ့မလား …
ဘာအစီအစဉ်လဲ …
ကြယ်တစ်ပွင့် တောက်ပခြင်းကို
လောကကြီးထဲ ထာဝရအိပ်စက်ဖို့
နောက်ဆုံး … ပွေ့ဖက်လိုက်ပါ
ဟင်နရီ … အနမ်းတွေ ပြတိုက်ထဲမှာ
အို … ကျ … ။
လူတွေကိုမလေးစားတော့ဘူး
ဟင်နရီ … အနုပညာနဲ့ဂီတကို
နာရီသံအစားထိုးထုတ်လဲ
ကိုယ်ပိုင် ဥပဒေသတခုနဲ့
ကြီးမြတ်ခြင်းတွေနီမြန်းနေပြီပေါ့
ဟင်နရီ … အချိန်မရှိတော့ဘူး
ငါ့ကိုအကြောက်တရားတွေဟောစမ်းပါ
ဖြတ်မျဉ်းဆုံမှတ်အလယ်က သစ်အိုပင် …
အဖူးတွေထက် … အသီးတွေက ပုတ်လွယ်တယ် ။
nelay
No comments:
Post a Comment