Pages

Wednesday, September 21, 2011

ရေလောင်းပေးလိုက်တယ် သူငယ်ချင်း




ရေလောင်းပေးလိုက်တယ် သူငယ်ချင်း




ညတစ်ခုရဲ့ အလင်းစီးကြောင်းထဲမှာ
ငါတို့အတွက်ရေရာတဲ့အနာဂတ်တွေရှိတယ်
တစ်နေ့နေ့တော့ မင်းနေချင်တဲ့ ပဲရစ်မြို့ကြီးမှာနေကြမယ်
နေမကောင်းရင် အားငယ်တတ်တဲ့ စိတ်ကိုဖြောက်ပြီး
ငွေမရှိမှာ ပူစရာမလိုတဲ့ အဟာရနဲ့ မွေးဖွားကြမယ်
ငွေကြေး မပါတဲ့ သူငယ်ချင်းကိုတွေ့ရမယ်
မင်းတစ်ယောက် နေမကောင်းဘူးလား
ဟောဒီလက်နဲ့ အလည်ခေါင်တည့်တည့်မှာရပ်နေ
ဘယ်ကိုမှ မကြည့်နဲ့ ငါမျက်လုံးထဲက အနက်အဓိပါယ်တစ်ခုချင်းစီက
ငါတို့ဟာအမြဲသူငယ်ချင်းဘဲ ဆိုတာကို အသေးစိတ်ဖေါ်ပြနေတယ်
ရေတစ်ခွက်လောက်သောက်
ပြီးရင်
ရေမဟုတ်တာတွေလဲ အတူတူသောက်ကြမယ်
ဒါဟာ ညတစ်ခုရဲ့ အလင်းစီးကြောင်းထဲက ချစ်စရာ့ယဉ်ကျေးမှုပဲ
မင်းမယုံရင် ငါ့တို့ရှေ့က ခေါင်းငုတ်လျှောက်သွားတဲ့ မာကျုရီမီးတိုင်တွေကိုမေးကြည့်
ငါတို့ဟာ အမြဲသူငယ်ချင်းတွေပါဘဲ ပြီးတော့ ငါတို့ဟာအမြဲရှိနေဖို့လိုတဲ့ မြက်ပင်တွေ
တစ်ခုခုကို ပြက်လုံးထုတ်ပြီး ငါတို့တွေက ကြီးထွားလာကြတာ
မင်းမှတ်မိသေးရဲ့လား နှစ်ကာလတွေကို နင်းခြေပြီး
မစစ်မှန်တဲ့ ပေါင်းသင်းဆက်ဆံရေးကို ဟားတိုက်ခဲ့တာလေ
ဒါက မင်းသိပ်ကြိုက်တဲ့ ကဇွန်းပလိန်း တစ်ပွဲလို အဆိပ်အတောက်ကင်းတယ်
ငါ့ကဗျာတွေအပေါ် မနာလိုတဲ့ မင်းစိတ်ကို မှိုကလေးတွေသေးသေးစိတ်ပြီးမွှေကြော်လိုက်
ပြီးရင် ငါတို့ နှလုံးသားချင်းပိုနီးအောင် ဘယ်သူတွေဘာပြောပြော တင်းတင်းဖက်ထားလိုက်မယ်
ငါ့ကျောပြင်ပေါ်က မြစ်တစ်စင်းဟာ မင်းမျက်ဝန်းထဲက မြစ်ဦးတစ်ခုပါပဲ
ညတစ်ခုရဲ့အလင်းစီးကြောင်းထဲကနေ ငါတို့နှုတ်ဆက်
နံနက်ခင်းကို ရင်ဆိုင် ထိုးနှက်လိုက်ကြမယ်




nelay


No comments: