ကောင်းကင်မဲ့ တိမ်
ဟိုးဝေးဝေးက မျက်လုံးများမှာ
ငါ့တိတ်ဆိတ်ခြင်းတွေပြိုကျ
အသံထွက်မရတဲ့တိမ်တွေ
မိုးကြွေတာကိုငေးရင်း စက္ကူအသစ်မှာမိုးချုပ်ခဲ့
တိုးဝှေ့လာတဲ့လေကို မျိုချ
မက်မရတဲ့အိပ်မက်ကို ကြိုးဆွဲချလိုက်တယ်
ပြင်ဆင်ထားတဲ့ ဆိပ်ကမ်းမှာ
တံငါအိုရဲ့ပလိုင်းထဲ
ငါးတွေငို … ငါးတွေငို … ငါးတွေငို
ကောင်းကင်ပေါ်ကပျံကျလာတဲ့ ဒါးတွေ
ငါပစ်တင်ခဲ့သမျှ မျှားတွေ
အဆိပ်ခပ်လိုက်သော ပွင့်ခြပ်ထဲမှာ
လွမ်းစွတ်ခြင်းတွေ
ရက်ရက်စက်စက် ၀တ်မှုံကူးကြ
ပြတင်းတံခါးက ပုဝါဖြူအလွှင့်မှာ
ရနံ့ဆိုးတွေဝင်လာသလား
အလင်းတရားတွေဝင်လာသလား
နှလုံးအိမ်ကလေး
ချမ်းနေပြီ … ချမ်းနေပြီ
ကောင်းကင်နီမှာ ပုံပြင်တပုဒ်
အခန်းရှုပ်နဲ့ တရားပြသလို
ဆေးလိပ်တွေတို
လိပ်ပြာတွေငို
နေမဖြစ်တည်မှုနဲ့ လမင်းဟာ
နေမင်းသီဝရီတအုပ် ပြုစုထုတ်ထားတယ်
တရားကျိုးသွားသလို တရားပျိုးထားဖို့
ငါဘယ်လို ယုံကြည်သေဆုံးရဘါ့
ဘ၀ကိုအတိုချုန်းပြီး ကပြကြတဲ့အခါ
လူရာဝင်မဲ့သီချင်းကို အရူးတစ်ကောင်ဆိုညည်း
အစာအိမ်မီးနဲ့ အမေ့အိမ်ပြန်လမ်းမှာ
မောဟိုက်နွမ်းလျ တိမ်တွေကြွေခဲ့တဲ့ည ။
nelay
No comments:
Post a Comment