Pages

Wednesday, March 8, 2017

ရာသီအမြဲလာနေတဲ့ စိတ်ဓာတ်တွေ

ရာသီအမြဲလာနေတဲ့ စိတ်ဓာတ်တွေ


မြို့ထဲကို ရာသီအမြဲလာနေတဲ့ စိတ်ဓာတ်တွေ ဝင်လာတဲ့အခါ
သူတော်ကောင်းတရားတွေလဲ အသံပြောက် ဓမ္မကိုကျင့်ကြံရ
မိုးညှင်းပင်ကြီးတွေလဲ ရာသီမဝင်ခင်ထဲက အရိုးအပြိုင်းပြိုင်းထရ
နံရံအက်ကွဲကြောင်းထဲက ရာသီလာနေတဲ့ စိတ်ဓာတ်တွေယိုထွက်လာကြ
လမ်းမပေါ်က စိတ်ဓာတ်တွေ ရာသီလာရာဖက်ကိုမျက်နှာမူကြ

အိပ်တန်းပျံငှက်တွေလဲ အထက်တန်းစား ရာသီလာစိတ်တွေပေါ်ဖြတ်ပျံကြ
မကိုင်ချင်တဲ့ ဖုန်းသံတွေလဲ ရာသီလာခြင်းနဲ့အတူ ဆူးရှညံစီကြ
လော်စပီကာထဲ ကနေ ရာသီလာနေတဲ့ စိတ်ဓာတ်တွေကုတ်ဖဲ့ထွက်လာ
နားမကြားတဲ့ညနေတွေလဲ ရာသီလာရာအသံအောက် နာကျင်ပြ
မဲမဲမြင်ရာလိုက်ဟောင် နေတဲ့ရာသီလာခြင်းစိတ်ဓာတ်တွေကို
လိုက်ကာအနက်ရောင်ခဏချပြီး ဒီခေါင်းစဉ်တွေကို Bold တင်လိုက်တယ်

ခင်ဗျား သိလား ရာသီလာနေတဲ့ စိတ်တွေဟာ
သူတို့ကိုယ်သူတို့ ရာသီလာနေမှန်းမသိကြဘူး
ခင်ဗျားသိမှာပါ ရာသီလာဖူးတဲ့လူတိုင်းတော့ သိမယ်မထင်ဘူး
ဒါကြောင့် အထက်ဘုရားရော အောက်ဘုရားရော ရာသီလာခြင်းကို ဖန်းဆင်းခဲ့တာ

ရာသီလာနေတဲ့ စိတ်တွေထဲမှာ 
မဟာပထဝီမြေကြီးကို လှုပ်ခါနိုင်တဲ့ 
ရှုပ်ထွေးမှုတွေရှိတယ်

ရာသီလာတဲ့စိတ်ဓာတ်ဆိုတာ 
ကိုယ့်ဗိုက်ကိုယ်ဓားနဲ့ခွဲ အူတွေထုတ်ပြီး 
တခြားလူကိုလိုက်ပတ်နေတာ

တကယ်လို့များခင်ဗျားဘဝမှာ 
ရာသီလာဖူးတဲ့သူတစ်ယောက်ယောက်နဲ့
စကားစမည်ပြောခွင့်ကြုံရင် မေးကြည့်စမ်းပါ

မီးပွိုင့်တွေဟာ စိမ်းနေရာက
ရုတ်တရက်နီသွားတယ်

ဘာလက္ခဏာတွေပြသလဲ
အဲ့ဒီရာသီလာနေတဲ့အရူးစိတ်ဓာတ်တွေထဲ

ရာသီလာခြင်းမှာအတုတွေအစစ်တွေမရှိဘူး
ခင်ဗျားဖက်မှာနေဝင်သလိုကျုပ်တို့ဖက်မှာလဲဒီလိုပဲ

ဟိုးအရင်က ရာသီလာနေတဲ့စိတ်ဓာတ်ကပြောတယ် 
သူ့ဆီဘာစာမှမရောက်ပါဘူးတဲ့ 
တကယ်တော့ 
အဲ့လိုစိတ်ဓာတ်တွေဆီ 
ဘာစာမှပို့ဖို့မကြိုးစားခဲ့ဘူး

ကိုယ့်ဘဝထဲက နိုင်ငံရေး လူမှုရေး
စီးပွားရေး စားရေး ဝတ်ရေး တွေနှုတ်ပြီး 
ကျန်တာကို ဟိုးပင်လယ်စပ်က တောင်ဂုံးလေးပေါ်တင်ခဲ့တယ်
ဒါလဲရာသီလာနေတဲ့ စိတ်ဓာတ်တွေနဲ့ဝေးရာအထင်နဲ့ပေါ့

ငါကတော့အဲ့ဒီ့စိတ်ဓာတ်တွေနဲ့ နှစ်အနည်းငယ်အထိ
လွတ်မြောက်အုံးမယ်မထင်ဘူး

ခင်ဗျားရော ရာသီလာနေသေးလား




nelay