Pages

Friday, January 9, 2015

စိတ်သံခွာ

စိတ်သံခွာ


သပ်သပ်ရပ်ရပ်စီရီထားတဲ့ နားများကို ငေးကြည့်ရင်း
မျက်နှာပေါ်က အလွှာတု ကိုခွာမိတယ်
ရုပ်များဟာ ငါ့တိတ်ဆိတ်တဲ့ မျက်လုံးတွေထဲ ယိုယွင်းလို့
စကားသံဟာ ငါ့ရုပ်ကိုမြင်တော့ ကြောက်ရွံ့တုန်လှုပ်
ပရိတ်ရေတွေ ပလုပ်ကျင်းထုတ်လိုက်မှ ရောဂါဟာ ထခုန်တယ်
မှော်ဝန်းမှာ အသံကုန်သွားတဲ့ ၀ိဥာဉ်တွေ အတိတ်မြစ်ထဲ သောင်းထွန်းလို့
ငါ့လှေဦးမှာ ခွစီးထားတဲ့ အရိပ်တွေကြောင့် ငါ့မြင်ကွင်းတွေ တိမ်ကွယ်လို့မှိုင်းညှို့
အခြားတစ်ဖက်မှာ ပျော်မြူးနေတဲ့ လူ့သတ္တ၀ါ ဆိုင်းဗုံတွေ
ငါ့မြစ်ရေကိုလှိုင်းထန်လို့ အတွင်းသဏ္ဍာန်ကိုများပြောင်းချင်ကြသလား
စိတ်ကူးထဲမှာ စည်းချထားတဲ့အသိဥာဏ်နဲ့ ငါ့ဖြစ်တည်ခြင်းကိုဖျောက်ပြစ်ကြသလား
မသေနိုင်တော့တဲ့ ကြယ်စုတွေထဲ နားတွေ ရုပ်တွေ မျက်နှာတွေနဲ့ စိတ်ဝိဥာဉ်တွေ
နာမ်တွေ မကုန်နိုင်တော့တဲ့ ကြယ်စင်အခန်းအနားတွေရဲ့ အဝေးမှာ
ငါ့ကိုယ်ငါ မှုတ်ထုတ်လိုက်လို့မှ ငါမထွက်လာတဲ့ အသက်ငွေ့အိမ်ထဲ
သန့်သန့်ရှင်းရှင်း မုသားတွေ ကျစ်ကျစ်ပါအောင် လိပ်ထားရတယ်
အိပ်မက်က လန့်နိုးဖို့ ကြိုးစားတိုင်း အိပ်မက်တွေဆွဲယူထားလို့
ငါ့ဘ၀အိပ်စက်ခြင်းထဲမှာ ငါကပိတ်ကားပေါ်ပြေးတက်လာတဲ့ မီးစကလေးပါပဲ
ငါ့အိပ်မက်တွေနဲ့ ငါမီးလောင် ငါ့အိပ်စက်ခြင်းတွေ ငါမီးလောင် ငါ့အိပ်ယာထဲမှာ ငါမီးလောင်
ခွာသံပြင်းပြင်းနဲ့ ဘလောင်ဆန်နေတဲ့ ရုပ်ရောနာမ်ရော တည်ငြိမ်တဲ့ အသံနဲ့
အဖြူရောင်အဆိပ်သင့်ဇီဇ၀ါပွင့်ချပ်တွေ ငါ့ကိုယ်ပေါ်က ကြွေကျနေကြတယ်
နဖူးပေါ်မှာ ပြက်လုံးတွေတင်ပြီး ဆံပင်တွေရှည်လာတဲ့ ဘ၀တည်ဆောက်မှုပုံသဏ္ဍာန်
မာဃကျမ်းစာထဲက လူ့သတ္တ၀ါ တီးလုံးကို ရေရှည်ခံဖို့ ထုတ်ပိုးမှုပုံသဏ္ဍာန်
သူလည်းမဟုတ် ငါလဲမဟုတ် စိတ်မာယာတွေ စာချုပ်ချုပ်ကြတဲ့ နောင်တပုံသဏ္ဍာန်
ဒါတွေမြင်နေရတဲ့ ငါ့ဦးခေါင်းအထက်က အသံနဲ့ ငါ့မျက်နှာအစစ်အမှန်ကို
ဘယ်ပင်လယ် ဘယ်နံရံ ဘယ်သဏ္ဍာန်နဲ့ အပ်ထားချင်တဲ့ ဆန္ဒတွေလဲ
အနာဂတ်က လူ့အမဲရောင်တွေ မမြင် မကြား မနာခင် စိတ်သံခွာကို
အတွင်းသားထဲ ဆူဆူညံအောင် တီးခတ်ထားလိုက်တယ်



nelay